အိမ်မဲမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

အိမ်မဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်ကုန်စျေးနှုန်းတည်​ငြိမ်ကျဆင်းရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည် များကတစ်ရက်လျှင် ဆန်တစ်ပြည် (၂၀၀၀)နှုန်း ဖြင့် ဆန်အိတ် (၂၀)၊ ဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ဆီ (၅၀)ပိဿာ၊ ကြက်ဥ တစ်လုံး လျှင် (၃၅၀)ကျပ်နှုန်းဖြင့် ကြက်ဥ အလုံး (၆၀၀)တို့ကိုဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါရောင်းချမှုများကို တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ်