ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ

ကလေး ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင်၊ ကလေးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်းက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများမရှိစေရေးတွက် မဲပေးစက်များဖြင့် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲပေးစက်ကိုင်တွယ်သူများကို ဆင့်ပွားသင်တန်းပေးနိုင်ရေးအတွက် ယခုကဲ့သို့ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသား/သင်တန်းသူများ အနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်သည်အထိ ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ စာတွေ့လက်တွေ့သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံဦးမြင့်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သင်တန်းနည်းပြဆရာများ၊ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ချင်းပြည်နယ်၊ ကလေးခရိုင်နှင့်မော်လိုက်ခရိုင် ကိုယ်စားပြုနည်းပြဆရာဖြစ် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၅) ဦးနှင့် ဌာနဆိုင်ရာဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)