ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇွန် ၁၉

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါအကြာင်းအရာများ၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆောင်ပုဒ်များသတ်မှတ်၍ အကောင်အထည်‌ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းမှတ်ပုံတင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာအကြောင်းအရာများ၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ Consumer Call Center (1535) သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောကြရာ ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှုစွမ်းရည်အခြေအနေများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)