နတ်မောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဈေးသာကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့နည်းစေရန်၊  စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်စေရန်နှင့် တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေး အတွက်ရည်ရွယ်၍ တောင်သူအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊  ယနေ့ခေတ်တွင် ဓာတုဓာတ်မြေဩဇာများကို တွင်ကျယ်စွာ အသုံးပြုလာကြသဖြင့် ဓာတုဓာတ်မြေဩဇာများကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းကျန်ခြင်းနှင့် အခြားသောဘေးထွက် ဆိုးကျိုးများကြောင့် မြေဆီလွှာထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒါကြောင့် သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်သင်တန်းနည်းပြဆရာက တက်ရောက်လာသည့် သင်တန်းသား/သူများ အနေဖြင့် သင်တန်းကာလတွင် သင်ကြားပို့ချပေးသည့် သင်ခန်းစာများကို သင်ယူမှတ်သားကြစေလိုကြောင်းနှင့် သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများကို လက်တွေ့အသုံးပြု သွားစေလိုကြောင်းပြောကြားခဲ့သည်။ အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည် ပြုလုပ်နည်းသင်တန်းကို ဇွန်လ (၁၇) မှ (၁၉) ရက်နေ့အထိ  သင်တန်းသား၊ သူများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း