ပခုက္ကူ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ ချောင်းဆုံ(မျိုးချစ်)က “သမိုင်းတွင်ခဲ့သော ပရလောကသားများအကြောင်း တစေ့တစောင်း” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ၊ ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာအသင်းဝင်သစ် သုံးဦးအား အသင်းဝင်ကတ်ပြားများပေးအပ်ခြင်း၊ ခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)