ပြည်မြို့ တေဇအခြေခံပညာမူလတန်းလွန်ကျောင်း၌ "စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ" ကျင်းပ

ပြည်  ဇွန်   ၁၈

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့ရှိ တေဇအခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကိုသန့်က လူငယ်နှင့် ရည်မှန်းချက်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မောင်စိမ့်စမ်း(သဲကုန်း)က "လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ဥပဒေပါ အကြောင်းများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြော‌ကြသည်။

ထို့‌နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသထားမှုကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)