ကြံခင်း ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများအား ယနေ့နံနက်ပိုင်းကသွားရောက်ပြီး ဝန်ထမ်းများအမှိုက်အမျိုးအစား စနစ်တကျခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်း သိရှိနိုင်စေရန် အသိပညာပေးကွင်းဆင်းဟောပြောခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့်ဝန်ထမ်းများက လူမှုဖူလုံရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ စားရင်းစစ်ရုံးနှင့်စီမံကိန်းရုံးများ အားသွားရောက်ပြီး ဝန်ထမ်းများ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်စေရန်အတွက် စွန့်ပစ်အမှိုက် (၄) မျိုးဖြစ်သည့် အမှိုက်စို(Wet Waste)တွင် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများပါဝင်သည့် အမှိုက်များအား အမှိုက်ပုံး အစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက် (Dry Waste) တွင် ခြောက်သွေ့သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်းများအား အဝါရောင်ပုံး၌လည်းကောင်း၊ ပလတ်စတစ်အမှိုက် (Plastic Waste) အတွက် ပလတ်စတစ် သုံးပစ္စည်းများအား အပြာရောင်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိအမှိုက် (Hazardous Waste) တွင် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဆေးဘူး၊ ပိုးသတ်ဆေးဖြန်းရည်များနှင့် သက်တမ်းလွန် ဆေးဝါးများ၊ အိမ်သုံးဓာတု စွန့်ပစ်ပစ္စည်းများ၊ ဘူးခွံ၊ ပုလင်းခွံများ စသည့် ဘေးအန္တရာယ်ရှိနိုင်သည့် အရာများအား စွန့်ပစ်ရန်အတွက်ဖြစ်ကြောင်း ပြောကြားဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ရုံးများရှိ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြသည်။
ကြံခင်းမြို့နယ်ရှိ ဌာနဆိုင်ရာရုံးပေါင်း ၃၄ ရုံးနှင့် အခြေခံပညာကျောင်းများအား မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ အလှည့်ကျသွားရောက်ပြီး အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ် နိုင်ရေးနှင့် စွန့်ပစ်အမှိုက် (၄) မျိုးအကြာင်းအား လက်တွေ့ ဆက်လက်ဟောပြောသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်ထံမှသိရသည်။
ဖြိုးဝေလင်း
ကြံခင်း (ပြန်/ဆက်)