မအူပင်မြို့၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကျင်းပ

မအူပင် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌အမှိုက်များခွဲခြားစွန့်ပစ်ရန်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီက မအူပင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန် အမှိုက်အမျိုးအစား စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် အမှိုက်ပုံးအရောင် သတ်မှတ်ခြင်းများအား ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားပြီး မအူပင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ခေတ္တအမှုဆောင်အရာရှိ ဒေါ်စိန်စိန်စိုးမှ အမှိုက်စိုအမျိုးအစားတွင် ပါဝင် သည့်ပစ္စည်းများအား အစိမ်းရောင်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်အမျိုး အစားတွင်ပါဝင်သည့် ပစ္စည်းများအား အဝါရောင်ပုံးတွင်လည်းကောင်း၊ ဘေးအန္တရာယ်ရှိအမှိုက်အမျိုးအစားတွင် ပါဝင်သည့် ပစ္စည်းများအား အနီရောင်ပုံးတွင်လည်းကောင်း၊ ပလပ်စတစ်အမှိုက်အမျိုးအစားတွင် ပါဝင်သည့် ပစ္စည်းများအား အပြာရောင်ပုံးတွင်လည်းကောင်း စနစ်တကျစွန့်ပစ်ရန် လက်တွေ့သရုပ်ပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်စိန်စိန်စိုးနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်အမျိုးအစား(၄)မျိုးခွဲခြားခြင်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်