ငွေဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ငွေဆောင် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်အမျိုးအစား (၄) မျိုးခွဲခြားနည်းနှင့် အမှိုက်ပုံး အရောင်ခွဲသတ်မှတ်ခြင်းတို့နှင့်ပက်သက်၍ အသိပညာပေးဟောပြောပြီး အမှိုက်စွန့်ပစ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ( ၁၁း၀၀)နာရီက ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ငွေဆောင်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးက ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန်အတွက် အမှိုက်အမျိုးအစား စနစ်တကျခွဲခြား၍ စွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်​ရာ၌ အမှိုက်စို (Wet Waste) တွင် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများပါဝင်ပြီး အမှိုက်ပုံးအစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက်(Dry Waste)တွင် ခြောက်သွေ့သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊ သစ်သား စသည့် စွန်ပစ်ပစ္စည်းများ ပါဝင်ပြီး အမှိုက်ပုံး အဝါရောင်တွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်(Plastic Waste) တွင် ပလတ်စတစ်သုံး ပစ္စည်းများပါဝင်ပြီး အမှိုက်ပုံးအပြာရောင်တွင်လည်းကောင်း၊ ဘေးအန္တရာယ်ရှိ အမှိုက်များတွင် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဆေးဖျန်းရည်များစသည့် ဘေးအန္တရာယ် ရှိနိုင်သည့် အမှိုက်များပါဝင်ပြီး အမှိုက်ပုံး နီရောင်တွင်လည်းကောင်း စွန့်ပစ်ရန်သတ်မှတ်ထား‌ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့စည်ပင်သာယာရေးအဖွဲ့မှလက်ထောက်အင်ဂျင်နီယာ ဦးမင်းကျော်ခိုင်က အမှိုက်ပုံး (၄)မျိုးထဲသို့ လက်တွေ့အမှိုက်စွန့်ပစ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ကာ ကျောင်းသား/သူများကို လက်တွေ့လုပ်ဆောင်စေခဲ့သည်။ ထို့နောက် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ကျောင်းသား/သူများအား စွန့်ပစ်အမှိုက်(၄)မျိုးအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

R–014( ငွေဆောင်)