လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

လှိုင်းဘွဲ ဇွန် ၁၈

ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   လှိုင်းဘွဲမြို့နယ် ကမော့ကချူးကျေးရွာ    အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အသိပညာဗဟုသုတ  ပြည့်စုံစေရေးအတွက် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရမည့်အကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့်   ကိုယ်ကာယကျန်းမာဖွံ့ဖြိုးစေရေးအတွက် ကျောင်းမုန့်ဖိုးများကို ဘေးအန္တရာယ်ကင်းရှင်းသည့် မြန်မာ့ရိုးရာ မုန့်ပဲသရေစာများကိုသာ ဝယ်ယူစားသောက်စေလိုကြောင်း၊ ပြည်ပမှတင်သွင်းသည့်   မုန့်မျိုးစုံတို့၏  ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခို၊ လူကုန်ကူးမှု အန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီကသဘာဝဘေးအန္တရာယ်များဖြစ်ကြသည့် ရေဘေး၊ လေပြင်းမုန်တိုင်းဘေး၊ ငလျင်ဘေး၊ မီးဘေး၊ မိုးကြိုးအန္တရာယ်များဖြစ်ပွားပါက  ရှောင်ရန်၊ဆောင်ရန်နည်းလမ်းများအကြောင်းကို   အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်များနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ရာတွင်    ဖြေကြားပေးနိုင်သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲပြီးနောက်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသည့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)