ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ

ဘားအံ ဇွန် ၁၈

ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့်စွန့်ပစ်မှုများဖြစ်စေရေးအတွက် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်မှုပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ဈေးများတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့/ရွာများ၊ ဈေးများ၊ ကျောင်းများ၊ ခရီးစဉ်ဒေသများနှင့်အများပြည်သူဆိုင်ရာနေရာများ သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကိုစနစ်တကျခွဲခြား စွန့်ပစ်ခြင်းနှင့်သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် ယခုကဲ့သို့သရုပ်ပြသ ခြင်းဖြစ်ပြီး ဘားအံမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ မြို့မဈေးကြီးနှင့် အမှတ်(၁)အဆင့်မြင့်စံပြဈေး၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင်ဈေး၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးတို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေး၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် သိမ်းဆည်းမှုကိုလွယ်ကူစေသည့်အပြင် အကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်ပုံများနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးဆွေးနွေး ဟောပြောခဲ့ကြပြီး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား စွန့်ပစ် အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဈေးများအတွင်း ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများ၏ အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊အဝတ်အထည်အစရှိသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)