မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်

ရေနံချောင်း ဇွန်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၇၅/၃)အနီးရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အထူးစိမ်းလန်းစိုပြည်ရေး(Greening Complex Zone)ဇုံစီမံကိန်းဧရိယာ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သစ်တောသစ်ပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး လူသားများနှင့်သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အောက်စီဂျင်ကိုထုတ်လွှင့်‌ပေးသည့်အတွက် သစ်တောသစ်ပင်များကို နှစ်စဉ်စိုက်ပျိုးထိန်းသိမ်းသင့်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စိုက်ပျိုးမည့်သစ်ပင်များကို တာဝန်ရှိသူများထံပေးအပ်သည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့်အတူ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေထိန်းသိမ်းရေးအထောက်အကူပြု တမာ (၁၆၈)ပင်၊ မဲဇလီ (၁၆၈)ပင်၊ ပဲချယ်ရီ (၁၆၈)ပင်၊ ဖျောက်ဆိပ် (၁၇၁)ပင် စုစုပေါင်း ပျိုးပင် (၆၇၅)ပင်ကို  တစ်ပျော်တစ်ပါးစု‌ပေါင်းစိုက်ပျိုးပြီး သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊  လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်