ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ငဖဲ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်လူရွယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်၉ နာရီက လေးအိမ်စုကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် လေးအိမ်စုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတ/ရသ စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက လူငယ်နှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့် မြို့နယ်အားကစားမှူး ဒေါ်နန်းသီတာထွေးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-7 မှ မောင်ကောင်းဆက်ဟိန်းက လူငယ်နှင့်မူးယစ်ဆေးဝါး၊  Grade- 8 မှ မောင်ဆက်ပိုင်ဦးက လူငယ်နှင့်အားကစား၊ မစုသက်မွန်က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မအေးမြစန္ဒာဖြိုးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား /ကျောင်းသူများဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် ပုံပြင်စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက Physical Fitness Dance ဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)