တနင်္သာရီမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

တနင်္သာရီ ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးကျရောက်ပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက်အမှတ်(၂) စစ်နယ်မြေမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်(၉)နာရီအချိန်က တနင်္သာရီမြစ်ရေပြင်အတွင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသူရိန်စိုး ဦးစီးသောပူးပေါင်းအဖွဲ့များဖြင့် ရေပြင်အသက်ကယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရိန်စိုးက သဘာဝဘေးကျရောက်ပါက အသုံးပြုမည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများအသုံးပြုပုံကို ရှင်းလင်းပြသ၍ ဇာတ်တိုက်လေ့ကျင့်မှုကို စတင်သည်။

ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် တနင်္သာရီမြစ်ကူးတံတားအနီး ရေပြင်အတွင်း စက်လှေတစ်စီး တိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့ချက်အရ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရိန်စိုးဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ သွားရောက်ကာ ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်၍ အသက်ကယ်လှေများပေါ်တွင် ရှေးဦးပြုစုခြင်း အသက်ရှူအားကူနည်းပြုလုပ်ပေးရင်း လှေဆိပ်သို့ သယ်ဆောင်လာကြသည်။

ထို့နောက် လှေဆိပ်တွင် လူနာအား မြေပြင်အသက်ကယ်အဖွဲ့မှ လက်ခံရယူကာ ရှေးဦးပြုစုခြင်းကို ဆက်လက်ဆောင်ရွက်ပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြပ်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ လူနာတင်ယာဉ်(၂)စီးတို့ဖြင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို တနင်္သာရီမြို့နယ်အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)