မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ Drum seeder ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မရဲ့အုန်းပင်စုကျေးရွာရှိ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် မရဲ့အုန်းပင်စုကျေးရွာ၊ ကွင်းအကွက် အမှတ်(၁၁၈၅/ခ)၊ ဦးပိုင်အမှတ် (၁၀/၁) တောင်သူ ဦးတင်အောင်သန်း၏ စံပြစက်မှုလယ်ယာ စနစ်တကျ လယ်ယာမြေ (၅) ဧကတွင် အောင်နိုင်တိုးစပါးအား Drum Seeder ဖြင့် စိုက်ပျိုးရန် စီစဥ်ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ကြဲခင်းထက် မျိုးစေ့နှုန်းထား လျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွား ဖွံ့ဖြိုးစောစီးစွာရရှိနိုင်ခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှု မရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

ရဲကိုမောင်