အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း  ဇွန် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် အ-ထ-က အောက်လိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက ကျောင်းအခြေပြု ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်ဇော်ဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့က ကျောင်းသား‌၊ကျောင်းသူများ အနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် လမ်းဖြတ်ကူး သွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်မှုအခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသုံးပြုသူများ လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများကို အသီးသီးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)