နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူးက လယ်ယာကဏ္ဍာဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်ရွက်ရမည့် စံပြကွက်၊ စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ မျိုးစေ့ပံ့ပိုးခြင်းလုပ်ငန်းများနှင့်ပတ်သတ်၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်၊ မျိုးသန့်ပြန့်ပွားနိုင်ရန်၊ ရာသီသီးနှံတစ်ခုထဲစိုက်ပျိုးပါက ပျက်စီးဆုံးရှုံးမှုများလာနိုင်ကြောင်း၊ အကျိုးဆောင်တောင်သူများ အနေနဲ့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စု(၂၁)အုပ်စုရှိ အကျိုးဆောင်တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက နေကြာ၊ ဝါ၊ မြေပဲစသည့် မျိုးစေ့များနှင့် ဓာတ်မြေဩဇာများကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
လှဝင်း