လိပ်သို ဇွန် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ရွှေဉဒေါင်းရေးသားသော “အာဟာရနှင့်ကျန်းမာရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင် ခြင်း၊ စာဖတ်ရန် ဝါသနာပါခြင်း၊ စာအုပ်စာပေနှင့် မိတ်ဆွေဖွဲ့၍ လေ့လာဆည်းပူးခြင်း၊ စာများများဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုရရှိလာမှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် မောင်မိုးသက်အောင်က “ စိတ်နှင့် ကိုယ်အပြန်အလှန် ကျေးဇူးပြုပုံ” ခေါင်းစဉ်အောက်မှ “လူတစ်ယောက်သည် မှန်ကန်စွာ နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အစာအိမ်ကို အညစ်အကြေးတို့ ရှင်းလင်းစေခြင်း၊ လေကောင်း လေသန့်ကို ရှူရှိုက်ခြင်း၊ ရေကိုများများသောက်ခြင်း စသောနည်းတို့ဖြင့် ဂရုတစိုက်နေသမျှ ကာလပတ်လုံး ရောဂါအမျိုးမျိုးမှ ကင်းဝေးမှာဖြစ်ကြောင်း၊ အသက်ရှင်သမျှ ကာလပတ်လုံး ဖျတ်ဖျတ်လတ်လတ်၊ ရွှင်ရွှင်လန်းလန်းဖြစ်အောင် မိမိကျန်းမာရေးကို အထူးဂရုစိုက်သင့်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ရွှေဉဒေါင်းရေးသားသော “အာဟာရနှင့် ကျန်းမာရေး” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ခန္ဓာကိုယ်ကို ရောဂါမဖြစ်ခင်ကပင် ကြိုတင်ကာကွယ်ပေးခြင်းအားဖြင့် ရောဂါအမျိုးမျိုးမှ ကင်းဝေးနိုင်မည့်အပြင် ခန္ဓာရော စိတ်ပါ ပေါ့ပါးခြင်းကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်