ဘားအံ ဇွန် ၁၈
၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ (Level-A) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းမြင့်မားစေရေးအတွက် ထူးချွန်ထက်မြတ်သည့် လူငယ်အားကစားသမားများအား စဉ်ဆက်မပြတ်မွေးထုတ်ပေးရမှာဖြစ်ကြောင်း၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများဖြစ်စေရေးအတွက် အားကစားနည်းအလိုက် ခေတ်မီနည်းစနစ်များအား စနစ်တကျလေ့ကျင့်သင်ကြားပေးစေလိုကြောင်း ထို့ကြောင့် ကရင်ပြည်နယ်၌ရှိသည့် နည်းပြဆရာများ ခေတ်မီနည်းစနစ်များ ကျွမ်းကျင်စေရေးအတွက် ခရစ်ကက်နည်းပြ(Level-A) သင်တန်းအားဖွင်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသားထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များအားပေးအပ်ချီးမြှင့်ပြီး ဘားအံမြို့နယ် ကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း(၁၀)သင်းထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေကျပ် သိန်း(၁၀၀)ကျပ်အား ဆက်လက်ပေးအပ်ရာပြည်နယ်ပညာရေးမှူးမှ လက်ခံရယူသည်။
၎င်းခရစ်ကက်နည်းပြ(Level-A)သင်တန်းအား ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ နည်းပြဆရာ/ဆရာမ (၃၀)ဦးက ဇွန်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေအထိ သင်တန်းကာလ(၅)ရက်တာကာလအတွင်း ခရစ်ကက်အားကစားနည်းနှင့် ပတ်သက်ဆက်နွယ်သည့်နည်းစနစ်ပိုင်း နည်းပရိယာယ်ပိုင်း နည်းဥပဒေပိုင်းတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)