တမူး ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး တမူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမူးကျော်သူ၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးစိုးပိုင်၊ မြို့နယ်ဥပဒေအရာရှိဦးစစိုးထွန်းအောင်တို့ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုကွန်ယက်ကို အသုံးပြု၍ အကြမ်းဖက် သမားများအား ငွေကြေးထောက်ပံ့ခြင်း၊ စည်းရုံးပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းတို့နှင့် ပတ်သက်၍ အကြမ်းဖက်ဥပဒေဖြင့် အရေးယူခံရနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များ၊ လူမှုကွန်ယက်မှတစ်ဆင့် ငွေကြေးလိမ်လည်ခံရမှု မဖြစ်စေရေး ဆောင်ရန်/ရှောင်ရန်များ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ မှုခင်းမဖြစ်ပွားစေရေးအတွက် လိုက်နာကျင့်သုံးရမည့်အခြေအနေများ၊ လူကုန်ကူးမခံရစေရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ပြစ်မှု/ပြစ်ဒဏ်များအားလည်းကောင်း ယာဥ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်မင်းထွန်းက လိုင်စင်မဲ့မော်တော်ယာဥ်/မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုပါက ပြစ်မှု/ပြစ်ဒဏ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ