ဘားအံ ဇွန် ၁၈
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ဘားအံ)မှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်း အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက လှိုင်းဘွဲမြို့နယ် ကြို့ချောင်းစံပြ ကျေးရွာတွင် ဖွင့်လှစ်ရာ ကျေးရွာရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကော်မတီဝင်များ၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(ဘားအံ)မှ တာဝန်ရှိသူများနှင့် သင်တန်းသူများ စုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းအတွက် သင်ထောက်အကူပစ္စည်းများအား စီမံကိန်းကော်မတီဝင် (၁)ဦးထံ ပေးအပ်ကာ သင်တန်းနည်းပြက ဘက်စုံသုံးကုန်ကြမ်းပစ္စည်း များအား စီမံကိန်းကော်မတီဝင်များထံ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသည် ပထမအကြိမ်မြောက် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖြစ်ပြီး သင်တန်းသူ (၁၀)ဦး တက်ရောက်ကာ သင်တန်းတွင် လက်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်းနှင့် ထိန်းသိမ်းနည်းများ၊ အမျိုးသမီးဝတ်ရင်စေ့၊ ရင်ဖုံး၊ ရင်ဖြတ်ဆက် အင်္ကျီများ၊ အမျိုးသားဝတ် သင်္ဘောသားအင်္ကျီ၊ ရုပ်အင်္ကျီများ၊ ကလေးဝတ်ဂါဝန်၊ ဘောင်းဘီများ၊ စကတ်အမျိုးမျိုး၊ မြန်မာဝတ်စုံ အမျိုးမျိုးတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ (၁)လကြာ စာတွေ့/လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ပထမအကြိမ်သင်တန်းမှ လုပ်ငန်းထူထောင်လိုသူ(၅)ဦးအား အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်ဖြစ်သည်အထိ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)