မြိတ် ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးဖြစ်ပွားစဉ် လုပ်ဆောင်ရမည့်အချက်များ၊ ဖြစ်ပွားပြီးချိန် ကူညီကယ်ဆယ်မှု၊ ထောက်ပံ့မှု ဆောင်ရွက်ရမည့်အချက်များကို သိရှိနားလည်ဆောင်ရွက်နိုင်စေရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂ဝ၂၅)ကို ဇွန်(၁၈)ရက်နံနက်ပိုင်းက မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းကို သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ ထိခိုက်မှုလျော့နည်းသက်သာစေရေး၊ ဘေးမဖြစ်ခင်၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများတွင် ဆောင်ရွက်မည့် လုပ်ငန်းများ လွယ်ကူမြန်ဆန်စေရေး၊ ဒေသတွင်း သဘာဝဘေးကျရောက်လာပါက ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနများ၏အားဖြင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် ဘေးအန္တရာယ်လျော့ပါးသက်သာစေရန် နည်းလမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရများ၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဖွံဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေလျှော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေများ၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ အရေးပေါ်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစသည့်သင်ခန်းစာများကို စာတွေ့သင်ကြားခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဦးကျော်ဇင်လတ်က သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ သင်တန်းစတင်ခဲ့သည်။ သင်တန်းကို ဇွန်လ(၁၈) ရက်မှ(၂၀)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား(၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )