ကျွန်းစု ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်များအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက် မြို့အဝင်ဆိပ်ခံတံတား၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်က ပြည်သူများ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကာ ဇာတ်တိုက်လေ့ကျင့်မှုကို စတင်သည်။
ဇာတ်တိုက်လေ့ကျင့် သရုပ်ပြရာတွင် ပထမဦးစွာ မြို့အဝင် ဆိပ်ခံတံတားအရှေ့ ရေပြင်အတွင်း စက်လှေတစ်စီး တိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့သည်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်းများအား အကြောင်းကြားပြီး ရှာဖွေကယ်ဆယ်ရေးရေယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာရေနစ်မြှုပ်နေသူများအား ရှာဖွေကယ်ဆယ်၍ အသက်ကယ်လှေများ ပေါ်တွင် ရှေးဦးပြုစုခြင်းအသက်ရှူအား ကူနည်းပြုလုပ်ပေးရင်း ကမ်းနားသို့ သယ်ဆောင်လာကြသည်။
ထို့နောက် တံတားတွင် လူနာအား မြေပြင်အသက်ကယ်အဖွဲ့မှ လက်ခံရယူပြီး ရှေးဦးပြုစုခြင်းကို ဆက်လက်ဆောင်ရွက်ပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ လူနာတင်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)