အိမ်မဲမြို့ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄)မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲကျင်းပ

အိမ်မဲ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲ ကျင်းပပြီး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ အမှိုက်ပုံး(၄)မျိုးဖြစ်သော အမှိုက်စို(အဝါရောင်)၊ အမှိုက်ခြောက်(အဝါရောင်)၊ ဘေးအန္တရာယ်ရှိအမှိုက်(အနီရောင်)၊ ပလတ်စတစ်အမှိုက် (အပြာရောင်)စသည့် အရောင် ခွဲခြားမှုများနှင့်စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားအကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူမှ ကျောင်းသား/သူ များအား စွန့်ပစ်အမှိုက် (၄)မျိုးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အမှိုက်ပုံး(၄)မျိုးထဲသို့ လက်တွေ့အမှိုက်စွန့်ပစ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြကာ အခမ်း အနားသို့ မြို့နယ် ဌာနဆိုင်ရာများ၊ အဆိုပါကျောင်းမှ ဆရာ/မ များနှင့်ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြသည်။

အလားတူ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်တွင်လည်း လယ်ပေါ်ရပ်ကွက်ရှိ အ.မ.က လယ်ပေါ်ကျောင်းတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်