ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ဖျာပုံ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် (၇) နာရီအချိန်က ဖျာပုံမြို့ မြို့မစျေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင်​ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထက် နှင့်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဖျာပုံမြို့ မြို့မ​စျေးကြီးတွင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အချွန်ဆန်တစ်ပြည်လျှင် ငွေ (၂၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီ (၅၀) ကျပ်သားလျှင် (၃၅၀၀)ကျပ်နှန်းဖြင့်လည်းကောင်း၊ ကြက်ဥ (၁) လုံးလျှင် (၃၄၀)ကျပ်နှုန်းဖြင့်လည်းကောင်း သက်သာသော စျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့သက်သာသောစျေးနှုန်းဖြင့် နေ့စဥ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်