ညောင်လေးပင် ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ (၁) ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်လေးပင်မြို့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးအောက် မြေညီထပ်တွင် ဒေါ်နီနီလှိုင်၊ အသက် (၅၃) နှစ်၊ (အဘ) ဦးရှန်လှိုင်၊ တရုတ်/ဗုဒ္ဓ ညောင်လေးပင်မြို့နေသူပိုင်ဆိုင်သည့် " King " မုန့်တိုက်ဆိုင်၌ ယနေ့နံနက် (၇) နာရီ ၁၀ မိနစ်အချိန်က ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ (၇) နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားရာ အခင်းဖြစ်ရာနေရာသို့ ညောင်လေးပင်မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခင်ဦး ဦးစီးပါဝင်သော တပ်ဖွဲ့ဝင် (၈) ဦး၊ ညောင်လေးပင်မြို့မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကိုကိုဌေး ဦးစီးပါဝင်သော မီးသတ်တပ်ဖွဲ့ဝင် (၁၆) ဦးတို့မှ မီးသတ်ယာဥ် (၂) စီး၊ ရေသယ်ယာဥ် (၃) စီးတို့ဖြင့်လည်းကောင်း၊ ပြွန်တန်ဆာမြို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တာဝန်ခံအရာရှိ ဦးအောင်အောင် ဦးစီးပါဝင်သောမီးသတ်တပ်ဖွဲ့ဝင် (၉) ဦး၊ မီးသတ်ယာဥ် (၁) စီး၊ ရေသယ်ယာဥ် (၁) စီးတို့ဖြင့်လည်းကောင်း၊ ဒိုက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်း ပါဝင်သော မီးသတ်တပ်ဖွဲ့ဝင် (၉) ဦး၊ မီးသတ်ယာဥ် (၁) စီး၊ ရေသယ်ယာဥ် (၁) စီးတို့ဖြင့်လည်းကောင်း၊ ပိန်းဇလုပ်မြို့မီးသတ်ဦးစီးဌာနမှ မီးသတ်တာဝန်ခံအရာရှိ ဦးစန်းဝင်း ဦးစီးပါဝင်သော မီးသတ်တပ်ဖွဲ့ဝင် (၆) ဦး၊ မီးသတ်ယာဥ် (၁) စီး၊ ရေသယ်ယာဥ် (၁) စီးတို့ဖြင့်လည်းကောင်း သွားရောက်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ (၇) နာရီ ၄၀ မိနစ်အချိန်တွင် မီးညွှန့်ကျိုးပြီး (၇) နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ရာ လူ/ တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် အပေါ်ထပ်ရှိ အလျား (၄၅) ပေ၊ အနံ (၇၀) ပေရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆောက်အဦးမျက်နှာကျက်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၇) သိန်းကျပ်ခန့်၊ အောက်ထပ်အလျား(၁၅)ပေ၊ အနံ (၇၀) ပေရှိ " King " မုန့်တိုက်ဆိုင်တွင် မုန့်မျိုးစုံပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၅) သိန်းကျပ်ခန့် စုစုပေါင်း (၁၂) သိန်းကျပ်တန်ဖိုးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)