ဝါးခယ်မမြို့တွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်

ဝါးခယ်မ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်က ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းသည် နိုင်ငံတော်မှအားထားရသည့်  ထူးချွန်ထက်မြက်သော မျိူးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်းဖြစ်ပြီး မိမိဘက်မှ အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း   အဖွင့်အမှာစကားပြောကြားကာ ပါဝင်ယှဉ်ပြိုင်ကြမည့်  အားကစားသမားများမှ ချီတက်အလေးပြုခြင်း၊ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ညွန့်ပေါင်း၊ စက်မှုလက်မှုသိပ္ပံ ၊ ပညာရေး (က)၊ ပညာရေး (ခ) စသည့် အသင်း (၄) သင်းတို့က  ဇွန်လ (၁၇) ရက်မှ (၂၄) ရက်နေ့ထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲအနေဖြင့် စက်မှုလက်မှုသိပ္ပံနှင့် ပညာရေး (က) အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပညာရေး (က) အသင်းမှ (၁၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)