ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး​ကော်မတီအဖွဲ့ဝင်များမှ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဓနုဖြူ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး​ကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ဇေယျဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။

ဓနုဖြူမြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရန်အတွက် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်များအသင်းတို့ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် (၂၀၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်း (ဘူခွံပါ)၊ ကြက်ဥတစ်လုံးလျှင်(၃၃၀)ကျပ်နှုန်း၊ ဘဲဥတစ်လုံးလျှင် (၄၅၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့​သည်။ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥ၊ ဘဲဥများကို ခြံစျေးဖြင့် စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရေးအတွက် ခရိုင်အတွင်းရှိ ခြံလုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ အပတ်စဉ် သက်မှတ်ရက်များအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)