မင်းဘူးခရိုင်အတွင်း လျှပ်စစ်နှင့်ဆိုလာဓာတ်အား‌ပေးစနစ် ရေတင်စီမံကိန်းများဖြင့် မိုးစပါး ၃၉၀၉ ဧက စိုက်ပျိုးသွားမည်

မင်းဘူး ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့်သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်နှင့်ဆိုလာဓာတ်အားစနစ်သုံးစီမံကိန်းတို့မှ မိုးစပါး ဧကပေါင်း ၃၉၀၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များစသော ရေရရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် လျှပ်စစ်ရေတင်စီမံကိန်းနှင့် ဆိုလာဓာတ်အားပေးစနစ်ရေတင်ခြင်းများဖြင့် မိုးစပါးများစိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် ၂၀၂၅ ခုနှစ် စပါးစိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၃၉၀၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး၊ ယခုနှစ် ဇွန်လ ၂၂ ရက်မှစတင်၍ ရေပေးဝေစိုက်ပျိုးသွားမှာဖြစ်ကာ တညောင်လျှပ်စစ် ရေတင်စီမံကိန်းမှ ၁၉၈၁ ဧက၊ ရေပုတ်ကလေး ဆိုလာ ဓာတ်အားပေးစနစ် စီမံကိန်းမှ ၁၀၀ ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ် စီမံကိန်းမှ ၂၄၀ ဧက၊ ရွာသာကြီး ဆိုလာဓာတ်အားပေးစနစ် စီမံကိန်းမှ ၅၀၀ ဧက၊ ဘုရားကုန်း ဆိုလာဓာတ်အားပေးစနစ် စီမံကိန်းမှ ၈၂ ဧက၊ အောင်ပင်လယ် လျှပ်စစ်စီမံကိန်းမှ ၇၈ ဧက၊ ကျောက်စံ လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ် စီမံကိန်းမှ ၅၂၅ ဧက၊ ကန်းနီ ဆိုလာဓာတ်အားပေးစနစ် ရေတင်စီမံကိန်းမှ ၄၀၃ ဧက စုစုပေါင်း ၃၉၀၉ ဧကအားလျာထားစိုက်ပျိုးသွားမှာဖြစ်ကြောင်း မင်းဘူးခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ( ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးက ပြောသည်။

ဇေယျာနိုင်(ရွှေကန်မြေ)