မင်းဘူး ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ နိုင်ငံတော်အနေနဲ့ နိုင်ငံတစ်ဝန်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့ဘက်ကလည်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက် အောင်မြင်နိုင်ရေးအတွက် ပညာရေးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများအပါအဝင် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က မင်းဘူးမြို့ အ.ထ.က(၂)တွင် ကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ အစီအစဉ်များကိုပြောကြားကာ အခမ်းအနားသို့တက်ရောက်လာကြသော မြို့နယ်စီမံအဖွဲ့ဝင်များက ပွဲတော်ကျင်းပမည့်လုပ်ငန်းများ၏ သဘောသဘာဝနှင့် လုပ်ငန်းတာဝန်များအကြောင်းကို အပြန်အလှန်တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)