မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား တက်ရောက်

မကွေး ဇွန် ၁၈

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ဇွန်လ ၁၇ ရက်နေ့တွင်ကျရောက်သည့် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၇၅/၃) အနီးရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အထူးစိမ်းလန်းစိုပြည်ရေး(Greening Complex Zone)ဇုံစီမံကိန်းဧရိယာ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို စတင်ဖွဲ့စည်းခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကို အစွဲပြုပြီးတာ့ နှစ်စဉ် ဇွန်လ ၁၇ ရက်နေ့ကို “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပရခြင်းရဲ့ အဓိကကတော့ သဲကန္တာရဖြစ်ထွန်းမှု ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနဲ့  မြေအတန်းအစားကျဆင်းမှု ‌လျော့နည်းပပျောက်စေရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများရဲ့ မြေယာပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဖို့၊ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု/ သဲကန္တာရဖြစ်ထွန်းမှုကို ကြုံတွေ့နေရတဲ့ နိုင်ငံတွေအတွက် UNCCD က ဆောင်ရွက်နေတဲ့ သဲကန္တာရတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းစေဖို့စသဖြင့်ရည်ရွယ်ပြီးတော့ နှစ်စဉ်ကျင်းပတာဖြစ်ကြောင်း၊ အဖွဲ့ရဲ့ရည်ရွယ်ချက်နဲ့အဖွဲ့ကြီးက ဖြေရှင်းရမယ့် အခက်အခဲပြဿနာများကို ပိုမိုကျယ်ပြန့်စွာသိရှိလာစေဖို့ အထိမ်းအမှတ်နေ့ ဆောင်ပုဒ်များကိုလည်း နှစ်စဉ်သတ်မှတ်ခဲ့ရာ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Restore the Land. Unlock the Opportunities” “မြေယာပြန်လည်ထိန်းသိမ်းရေး၊ အခွင့်အလမ်းများ ဖော်ထုတ်ပေး” ဖြစ်ပါကြောင်း၊ လူသားတို့အတွက်စားရေရိက္ခာဖူလုံဖို့၊ ရေအရင်းအမြစ်ပေါကြွယ်ဝဖို့၊ မြို့ပြနဲ့ လူမှုပတ်ဝန်းကျင် အေးချမ်းသာယာဖို့၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုအမွေအနှစ်တွေထိန်းသိမ်းဖို့ မြေသယံဇာတများဟာ အဖိုးတန်လှတဲ့အတွက် မြေယာထိန်းသိမ်းရေးလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ၁၉၉၇ မှ ၂၀၂၅ ခုနှစ်အထိ အပူပိုင်းဒေသရဲ့ မြေယာထိန်းသိမ်းရေးနဲ့ အပူပိုင်းဒေသဂေဟစနစ်ကောင်းမွန်စေရေးအတွက် သစ်ပင်ပေါင်း ၁၁၆ သန်းကျော်ဖြင့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊  စိုက်ပျိုးခြင်း၊ ပူပြင်းခြောက်သွေ့မှုနဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်စေဖို့ အပူပိုင်းတောနိမ့်၊ ‌တောပျက်ဧရိယာ ဧက ဆယ့်နှစ်သိန်းကျော်ကို ပြန်လည်ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းလောင်စာသုံးစွဲမှုနဲ့ ကာဗွန်ထုတ်လွှင့်မှု လျှော့ချနိုင်စေဖို့ စွမ်းအားမြှင့်အေဝမ်းမီးဖို အလုံးရေ လေးသိန်းတစ်သောင်းကျော်ကို ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်း၊ ရေနှင့် မြေဆီလွှာ ထိန်းသိမ်းရေးအတွက် မြေတိုက်စားမှုဖြစ်ပေါ်ရန် အလားအလာရှိတဲ့နေရာတွေမှာ ကျောက်စီနုန်း ထိန်းတမံငယ်တစ်ထောင့်လေးရာကျော် တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေဖို့ ရေကန်ငယ် ၈၆၆ ကန်နဲ့ မြေအောက်ရေအဝီစိတွင်း ၅၁ တွင်း တူးဖော်ပေးခြင်း၊ ဂါလန်(၅၀၀၀) ဆံ့  မိုးရေစုကန် ၃၈ ကန်နဲ့ ဂါလန်(၂၀၀)ဆံ့ မိုးရေခံ ကွန်ကရစ်ကန် ၁,၇၀၀ ကန် တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပပြုလုပ်တဲ့ “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားနဲ့ သစ်ပင်စိုက်ပျိုးပွဲတော်တို့ကိုပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပထမအကြိမ်အဖြစ် မကွေးမြို့မှာကျင်းပပြုလုပ်ခဲ့ပြီး၊ ယခု ၂၀၂၅ ခုနှစ်ရဲ့ အထိမ်းအမှတ်နေ့မှာတော့ ရေနံ‌ချောင်းမြို့နယ်၊ အထူးစိမ်းလန်းစိုပြည်ရေး ဇုန်စီမံကိန်း (Greening Complex Zone) အတွင်းမှာ သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း(၆၇၅)ပင်ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးသွားမှာ ဖြစ်ပါကြောင်းနှင့် မြေဆီလွှာပြန်လည်ထိန်းသိမ်းရေးအတွက် အရေးကြီးတဲ့သစ်တောသစ်ပင်များစိုက်ပျိုး ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကျေးရွာ၊ မြို့နယ်၊ ခရိုင်အလိုက် ဒေသခံလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခု ဖြစ်ပေါ်လာစေဖို့အတွက် အရှိန်အဟုန်မပြတ်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စိုက်ပျိုးမည့်သစ်ပင်များကို တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး၊ တက်ရောက်လာသူများနှင့် အတူ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေထိန်းသိမ်းရေးအထောက်အကူပြု တမာ (၁၆၈)ပင်၊ မဲဇလီ (၁၆၈)ပင်၊ ပဲချယ်ရီ (၁၆၈)ပင်၊ ဖျောက်ဆိပ် (၁၇၁)ပင် စုစုပေါင်း ပျိုးပင်(၆၇၅)ပင်ကကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ