အမှိုက်များခွဲခြားစွန့်ပစ်နိုင်ရန် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ဘားအံ ဇွန် ၁၈

ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(၁၅)ဖွဲ့သို့ အမှိုက်ပုံးကြီးများလွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်မထိခိုက်စေသော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ကာလတို၊ ကာလလတ်၊ ကာလရှည် ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးနှင့် ပြည်သူများအနေဖြင့်လည်း ပလတ်စတစ်ထုတ်ကုန်များအသုံးပြုရန် ငြင်းဆန်ခြင်း၊ လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းနှင့် အသုံးပြုမည့်နေရာများသို့ပြန်လည်ပို့ဆောင်ခြင်း နည်းလမ်းများကို အလေ့အကျင့် ဖြစ်လာသည်အထိ လိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။

ကရင်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအနေဖြင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များသို့ အမှိုက်အိမ် ၁၃ လုံး၊ အမှိုက်ပုံးကြီး ၄၉ ပုံးနှင့် အမှိုက်ပုံး ၃၀ ပုံးတို့ကို ဖြန့်ဝေပြီးစီးခဲ့ပြီး ယနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်နှင့် ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမှိုက်ခွဲခြားစွန့်ပစ်နိုင်ရန် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီးနှင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (၁၅)ဖွဲ့သို့ အမှိုက်ပုံး(၄)ပုံးစီ စုစုပေါင်းငွေကျပ် သုံးဆယ်ခြောက်သိန်းနှစ်သောင်းတန်ဖိုးရှိ အမှိုက်ပုံး ၆၈ ပုံးကို လွှဲပြောင်းပေးအပ်ခဲ့ကြရာ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် အစည်းအဝေးခန်းမ(၂)အရှေ့၌ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့များမှ တာဝန်ရှိသူများအား စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)