ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုး‌ရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်

ကျွန်းလှ ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကျီကုန်းကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး လက်ထောက်ဦးစီးမှူး ဦးရဲလင်းထွန်းက သီးနှံမျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နည်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် ကိုက်ညီသည့်စိုက်ပျိုးနည်း၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ ဓာတ်မြေဩဇာ၊ ဓာတုပိုးသတ်ဆေးလျော့ချပြီး သဘာဝမြေဩဇာ သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာထည့်သွင်း စိုက်ပျိုးကြရေး၊ သိပ္ပံနည်းကျစိုက်နည်းစနစ် လိုက်နာ ကျင့်သုံးရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျီကုန်းကျေးရွာအုပ်စုမှ တောင်သူ (၄၅) တက်ရောက်ကြပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းပြီး စိုက်ပျိုးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ