ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မမြောက်)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်း(မြို့မမြောက်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတတ် စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ ၁၆ ရက်နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခြေခံပညာမူလတန်း (မြို့မမြောက်)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကေသွယ်ရှင်းက ခုလိုအသိပညာဗဟုသုတများစွာ တိုပွားလာအောင် လာရောက် ဟောပြောသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများက သေချာမှတ်သား နားထောင်ကြရန်ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာ ရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင် ဒေါ်မာလာက ဆေးလိပ်နှင့် ဆေးရွက်ကြီး၏ဆိုးကျိုးများအား ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြသူများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း