ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ကျိုက်လတ် ဇွန်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့အချိန်မီသတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများ မဖြစ်ပေါ်စေရေးနှင့်ဖြစ်ပေါ်ပါက အချိန်မီ သတင်း ပေးပို့ကြရန်၊ နယ်မြေအတွင်း လူစိမ်းများတွေ့ပါက သတိထားနေထိုင်ကြရန်၊ လုံခြုံရေး အသိ၊ လုံခြုံရေး သတိများဖြင့် နေထိုင်ကြပြီး ကျေးရွာဝင်ပေါက်ထွက်ပေါက်များကို မီးကင်းနှင့်လုံခြုံရေးအဖွဲ့များထားရန်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန်၊ မိမိရပ်ရွာဒေသများ အမြဲသန့်ရှင်းနေရေးဆောင်ရွက်ရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်