ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ပြည် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၊ Community Centreခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရာ ပြည်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် Grade -10 ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး တက်ရောက်သည်။

ဟောပြောပွဲတွင် ပြည်ခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဦးစိုးမြတ်ဦးက "ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေမှုအကြောင်း၊ ကလေးအလုပ်သမားအသက်အရွယ်သတ်မှတ်ချက်နှင့် အလုပ်အချိန်သတ်မှတ်ချက်အကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ဥပဒေများအကြောင်းအပါအဝင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကို အသိပညာပေး ဆွေးနွေးဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အာဟာရမုန့်များ ဝေငှပေးကြပြီး ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားတွင် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)