ကန့်ဘလူ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုး(မိုးကြို)သီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၅,၅၃၇ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် အစေ့ထုတ်ပြောင်း ၈၈၉၃၁ ဧက နှင့်ဖူးစားပြောင်း ၇၅၀ ဧက စုစုပေါင်း ၈၉၆၈၁ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မေလဆန်းက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ အစေ့ထုတ်ပြောင်း ၅၅၁၉ ဧကနှင့်ဖူးစားပြောင်း ၁၈ ဧက စုစုပေါင်း ၅၅၃၇ ဧက စိုက်ပျိုးပြီးဖြစ်သည်။
“ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း ၈၉,၀၀၀ ကျော် လျာထားစိုက်ပျိုးရာမှာ ဇွန် ၁၅ ရက်နေ့ထိ ၅,၅၀၀ ကျော်စိုက်ပျိုးပြီးစီးနေပါပြီ။ လျာထားဧက ပြည့်မီရေးအတွက်လည်း တောင်သူများကိုစည်းရုံး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီပြောင်းသီးနှံတွေ အောင်မြင်ဖို့၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေဖို့နဲ့ အသိပညာပေးဟောပြောပွဲတွေ ဆွေးနွေးပွဲတွေအပြင် တိုက်နယ်အလိုက် ကွင်းဝန်ထမ်းများက စိုက်ကွင်အရောက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။
ဒေသခံတောင်သူများ၏ စိုက်ပျိုးထားသောသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့အတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျစောင့်ကြည့်ဆောင်ရွက်ကာ မြေမှန်၊ မျိုးမှန်၊ စိုက်စနစ်မှန်ကန်ရေးနှင့် နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)