ငဖဲ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပညာရေးမှူး ဦးကျော်ဝင်းက အခြေခံပညာအလယ်တန်းဆင့် (Grade-9) အဆင့် ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက အခြေခံပညာအလယ် တန်းဆင့် (Grade-9) အောင်မြင်ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ပါက အထက်တန်းပညာနှင့်တွဲဖက်၍ စိုက်ပျိုးရေးပညာများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပြီး သင်တန်းပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်နိုင်မည့် အခွင့်အလမ်းများ၊ မွေးမြူရေးဆိုင်ရာပညာရပ်များနှင့် ပတ်သက်၍ သင်တန်းပြီးပါက ဆက်လက်၍ မွေးမြူရေးဆိုင်ရာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံသင်တန်းကျောင်းများသို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့် သတ်မှတ်အရည်အချင်းများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားများက အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
Grade-9 အောင်မြင်ပြီးသူများ တက်ရောက်လျှောက်ထားနိုင်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သင်တန်းသားသစ်များ ခေါ်ယူလျက်ရှိကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း အ.ထ.က(စကု)၊ အ.ထ.က(မြေပြင်သာ)၊ အ.ထ.က (ပြလို့)၊ အ.ထ.က-၃(ပခုက္ကူ)၊ အ.ထ.က(ဂွေးချို)နှင့် အ.ထ.က(၁)သရက်တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)