ကော့သောင်းမြို့တွင် “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့်ဖော်ဆောင်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ကော့သောင်း ဇွန် ၁၇

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ “မိသားစုဝင်ငွေတိုးရေးစီမံကိန်း”ဖြင့် ဖော်ဆောင်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်  ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက် စီးပွားရေးဦးတည်ချက်မှာပါဝင်သည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရည်အာမခံချက်ရှိအောင် အားပေးကူညီပြီးနိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ဟူသည့် ဦးတည်ချက်ကိုများစွာ အထောက်အကူပြုစေကြောင်း၊ ယခုဖွင့်လှစ်သည့် “စက်ချုပ်သင်တန်း” သည်  စီမံကိန်းလုပ်ငန်းများထဲမှ “အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း” ခေါင်းစဉ်ဖြင့် ဆောင်ရွက်သည့်သင်တန်းဖြစ်ပြီးသင်တန်းတွင် တက်ရောက်သင်ကြားမည့် သင်တန်းသူများကို သင်တန်းကာလ (၂)လဖြင့် လက်တွေ့(၇၀%)နှင့် စာတွေ့(၃၀%)ကို ကျွမ်းကျင်နည်းပြမှ စနစ်တကျသင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးလျှင်လည်း သင်တန်းသူများထဲမှ သင်တန်းသူ(၅)ဦးကို စိစစ်ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်အတွက် အပ်ချုပ်စက်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များကို ဂရုတစိုက် လေ့လာသင်ကြားသွားရန်"အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်က စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီထံ လုပ်ငန်းတာဝန်များပေးအပ်ခဲ့ပြီး တက်ရောက်လာကြသောတာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ   “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် ဖော်ဆောင်သည့် “အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း”စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၁၅)ဦးအား နည်းပြဆရာမများဖြင့် (၂)လတာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)