အုတ်ဖို ဒီဇင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ကုန်စည်နှင့်ခရီးသည်တင်ယာဉ်များ ကို မောင်းနှင်လာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းမှု စစ်ဆေးဆောင်ရွက်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁၃ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခင်က ကုန်စည်နှင့်ခရီးသည်တင်ယာဉ်များ ရန်ကုန်တိုင်းဒေသကြီးနှင့်အခြားဒေသများသို့ သွားရောက်ပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား သာယာဝတီခရိုင် မီးနင်းချောင်း စစ်ဆေးရေးဂိတ်၌ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်အရ RDT Test Kit ဖြင့်စစ်ဆေးခြင်းကို မီးနင်းချောင်း စစ်ဆေးရေး ဂိတ်တွင် ဆောင်ရွက်ခြင်း မပြုလုပ်တော့ဘဲ သက်ဆိုင်ရာမြို့နယ်များတွင်သာ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြို့နယ်အတွင်းသို့ဝင်ရောက်လာသော ကုန်စည်နှင့် ခရီးသည်တင် ယာဉ်များကို မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ကင်းရှင်းမှု စစ်ဆေးဆောင်ရွက် ထားခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို သက်ဆိုင် ရာ တာဝန်ရှိသူများက ကြီးကြပ်ကာ အဖွဲ့များ ခွဲ၍ နေ့စဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၄၄)ဦး ရှိရာ (၁၃၀) ဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် (၁၄)ဦး ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)