တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

တောင်ငူ ဇွန် ၁၇

တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဇွန်လ(၁၆)ရက်နေ့၊နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေလ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၄၄)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ(၂၄၃)ဦး၊ လုံးဝပျက်စီးခဲ့သည့်လူနေအိမ်(၉၇)လုံးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ(၂၅)ခုရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂၂)ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ(၄၄)ဦးအတွက် အမျိုးသားသဘာဝဘေးကော်မတီမှ ထောက်ပံ့ငွေကျပ်(၃)သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် လည်းကောင်း၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ လုံးဝပျက်စီးနေအိမ်(၉၇)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ်(၃၅)သိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးလျက်ရှိပြီး ယခုအခါ တောင်ငူခရိုင်အတွင်း ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်နှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် ငွေကျပ်(၁၉၉၀)သိန်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးအပ်မှုဖြင့် နေအိမ်များအားအမြန်ဆုံးပြန်လည်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နောင်အနာဂတ်ကာလများတွင် သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး သဘာဝဘေးအသိ၊ သဘာဝဘေးသတိဖြင့်နေထိုင်သွားကြရန်နှင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပျက်စီးခဲ့သည့်နေအိမ်နှင့် ဘာသာရေးဆိုင်ရာအဆောက် အဦများအတွက် တာဝန်ရှိသူများထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ထောက်ပံ့ကူညီပေးမှုပေါ် ငလျင်ဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။၎င်းနောက် မြေငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်နှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအတွက် သက်ဆိုင်သူလက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် မြေငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်၊ ဇရပ်ကြီးကုန်ကျေးရွာရှိ ရှေး ဟောင်းသမိုင်းဝင် လောကမာရိဇိန်နန်းတော်ဦးစေတီတော်မြတ်ကြီးအား ဘက်စုံပြန်လည်ပြုပြင်မွန်းမံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက်ပြန်လည်တည်ဆောက်ရန်၊ တည်ဆောက်ရာတွင် ငလျင်ဘေးဒဏ်ခံနိုင်စေရေး အဓိကထားတည်ဆောက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး သတိထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)