ငါးသိုင်းချောင်း မြို့တွင်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများဆောင်ရွက်

ငါးသိုင်းချောင်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှအမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာ ပေးဟောပြောခြင်းနှင့် သရုပ်ပြဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁)နာရီအချိန်က အ.မ.က (ရွှေဘို) ကျောင်းနှင့် စည်ပင်သာယာရေးအဖွဲ့ရုံး မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု ဖြစ်ပေါ်လာစေရန်နှင့် လူမှုပတ်ဝန်းကျင်၏ ညစ်ညမ်းမှုအခြေအနေမှ လျော့ကျစေရန်ရည်ရွယ်ပြီး အသိပညာပေး သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ မှဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည့်အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)