မင်းလှ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ မြို့သန့်ရှင်းသာယာလှပရေးသက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ အမှိုက်များကိုအမျိုးအစားခွဲခြား၍ သတ်မှတ်အရောင်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ရန်၊ ဌာနဆိုင်ရာများအလိုက် ရုံးတွင်းရုံးပြင်သန့်ရှင်းရေးဆောင်ရွက်ထားရှိရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးထပ်စွမ်းအားမြှင့်တင်ရေး လျာထားချက်ပြည့်မီရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်းကောက်ယူသည့်အခါ လိုအပ်ချက်ရှိသည့် ကျေးရွာများအား သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိမှုမဖြစ်ပေါ်စေရေး ကျေးရွာရပ်ကွက်/အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ နည်းဥပဒေအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများအားဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်