ကန်ကြီးထောင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အမြန်ဆုံးတုံ့ပြန် ဆောင်ရွက်နိုင်ရန် ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်

ကန်ကြီးထောင့် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှုများကို ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအချိန်ခန့်က အမှတ်(၁)ရပ်ကွက်ရှိ ဒါးကမြစ်အတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့သရုပ်ပြလေ့ကျင်ခြင်းတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရေပြင်အသက်ကယ် ရှာ‌‌ဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးနှင့် လူမှုကူညီရေးအဖွဲ့ဝင်(၁၀)ဦးတို့ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးယဉ်(၃)စီးဖြင့် မြစ်ရေပြင်အတွင်း လှေတိမ်းမောက်ရာ၌ ရေနှစ်သူများအား ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)