နတ်မောက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက တောင်သူများအား နေကြာတစ်ဧက(၅၀)တင်းပန်းတိုင်အထွက်နှုန်းရရှိစေရန် နည်းလမ်းများဖြစ်သည့် ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊ သီးညှပ်ပုံစံများဖြင့် မိုး၊ဆောင်းရာသီမရွေး စိုက်ပျိုးနိုင် သော သီးနှံဖြစ်ပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း(၅၀)နှင့်အထက် ထွက်ရှိစေရန် အထူးအထွက်တိုး နေကြာမျိုးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးပါက တစ်ဧကမှ ဆီပိဿာအများဆုံးရရှိနိုင်သော ဆီထွက်သီးနှံဖြစ် ၍ စိုက်ပျိုးရေးနည်းစနစ်ကောင်းများ လိုက်နာဆောင်ရွက်စေရန် မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်း၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ ပျားပုံးထားရှိခြင်းနှင့် စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်းစသည့်အကြောင်းအရာများကို Projector ဖြင့် ရှင်းလင်းပြသ ခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက အုပ်စု(၂၁)အုပ်စုမှ တက်ရောက်လာကြသည့် တောင်သူ (၈၀) ဦးအား နေကြာနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း