မကွေး ဇွန် ၁၇
မကွေးတိုင်းဒေသကြီး အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း(Barrier Free Tourism)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မကွေးဇုန်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/ မိုတယ် တည်းခိုခန်းများမှ ဝန်ထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းဟာဆိုရင် မကွေးတိုင်းဒေသကြီးကို လာရောက်မယ့် ခရီးသွားများ၏ လုံခြုံမှု၊ ကျန်းမာပျော်ရွှင်မှုနှင့် သက်တောင့်သက်သာခရီးသွားလာနိုင်ရေး စာတွေ့၊ လက်တွေ့ သင်ကြားပေးမဲ့ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာဆိုရင် Covid ကဲ့သို့ ကပ်ရောဂါများ၊ ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များမှာ အကျိုးသက်ရောက်မှုနှင့် ထိခိုက်လွယ်ကူသော လုပ်ငန်းဖြစ်တာကြောင့် အရေးပေါ်အခြေအနေပြင်ဆင်ထားရန်နှင့် တုံ့ပြန်မှုအစီအစဉ်များ သိရှိလေ့ကျင့်ထားရန်လိုအပ်ပြီး၊ ခရီးသွားအခြေခံအဆောက်အဦများဖြစ်တဲ့ ဟိုတယ်၊ စားသောက်ဆိုင် Shopping Mall များ ၊ လည်ပတ်စရာနေရာများကိုလည်း ဘေးအန္တရာယ်ဒဏ်ခံနိုင်စေရန်အပြင် မသန်စွမ်းခရီးသွားများ အတားအဆီးမဲ့ ခရီးသွားလာနိုင်ရေး ကြိုတင်စီမံလုပ်ဆောင်သွားရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုရာမှာ ကြိုတင်မျှော်မှန်းလို့မရတဲ့ ငလျင်ဘေး၊ ရေဘေးစတဲ့ သဘာဝဘေးအန္တရာယ်များအပြင် လူတွေကြောင့်ဖြစ်ပေါ်တဲ့ မတော်တဆဖြစ်မှုများ၊ မီးဘေး၊ လျှပ်စစ်အန္တရာယ်၊ ဂတ်(စ်)ယိုစိမ့်ပေါက်ကွဲမှုများ၊ အကြမ်းဖက်မှုများပါဝင်ပါကြောင်း၊ ဒီလိုဘေးအန္တရာယ်ကို ကြုံတွေ့လာပါကလည်း လူ့အသက်ပစ္စည်းဥစ္စာဆုံးရှုံးမှုများ မဖြစ်ပေါ်စေဖို့နှင့် အနည်းဆုံးဖြစ်စေရန် ကူညီကယ်ဆယ်ရေး၊ အရေးပေါ်ကုသရေး၊ သွားလာရေးလုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယခုလိုသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးကို ပြည်တွင်း / ပြည်ပခရီးသွား ဧည့်သည်လာရောက်တည်းခိုမှုအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ပြည်တွင်း(၅၉၄၄၆)ဦးနှင့် ပြည်ပ(၁၀၀၈)ဦး ဝင်ငွေ(၁၀၂၆.၄၅)သန်း ရရှိခဲ့ကြောင်း၊ မိမိတို့ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဧည့်သည်ပိုမိုဝင်ရောက်ရေးနှင့် ဒေသခံများနှင့် ဧည့်သည်များ လုံခြုံစိတ်ချမှုရှိစေရေး အလေးပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကြာသေးမှီက ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မကွေးမြို့၊ မြို့တော်ခန်းမမှာ ခရီးသွားလုပ်ငန်းတွင် ပါဝင်သူအားလုံးဖြင့် ဆွေးနွေးခဲ့ပြီး ဖော်ထုတ်ရရှိခဲ့တဲ့ နှစ်အလိုက် လုပ်ဆောင်ရမယ့်လုပ်ငန်းများကိုလည်း တိုင်းဒေသကြီးမှ လိုအပ်တာများ ပံ့ပိုးဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြမဲ့ ဟိုတယ်ဝန်ထမ်း သင်တန်းသားများအနေဖြင့်လည်း သင်တန်းဆရာများ သင်ကြားပေးမဲ့ Emergency Plan ၊ First Aid၊ CPR ကူညီကယ်ဆယ်ရေး၊ ဆက်သွယ်ဆောင်ရွက်မှုနည်းလမ်းများ၊ မီးငြှိမ်းသတ်နည်းများ၊ မသန်စွမ်းခရီးသွားဝန်ဆောင်မှုအစရှိတဲ့ ဘာသာရပ်များကို ကျွမ်းကျင်အောင် မှတ်သားလေ့လာ၍ လုပ်ငန်းခွင်မှာအကျိုးရှိစွာ အသုံးချနိုင်ဖို့နှင့် လူမှုအကျိုးပြု ဆင့်ပွားသင်တန်းများကိုလည်း ဆောင်ရွက်ဖို့မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီး အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism)သင်တန်းကို စတင်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဟိုတယ်/ မိုတယ် တည်းခိုခန်းများမှ သင်တန်းသားဝန်ထမ်း(၆၀)ဦး တက်ရောက်ခဲ့ပြီး၊ ယနေ့မှစ၍ (၆)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ