ထားဝယ် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၆ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအား ကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့် တလိုင်းတောင် FC အသင်းနှင့် နန်းတော်ဦး FC အသင်းတို့ ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ နှစ်ဖက်အသင်း (၂)ဂိုး (၂)ဂိုးဖြင့်သရေရရှိပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် တလိုင်းတောင် FC အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုက ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ရှေ့တန်းအကောင်းဆုံးဆုရရှိသည့် တနင်္သာရီ အသက် (၁၈) နှစ်အောက် ဘောလုံးအသင်းမှ မောင်ကောင်းထက်စံအားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အလယ်တန်း အကောင်းဆုံး ဆုရရှိသည့် Holiday FC အသင်းမှ မောင်ပြည့်စုံဖြိုး အားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် က နောက်တန်းအကောင်းဆုံး ဆုရရှိသည့် တလိုင်းတောင် FC အသင်းမှ မောင်ကျော်ဇင်လတ် အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဂိုးအကောင်းဆုံးဆုရရှိသည့် တလိုင်းတောင် FC အသင်းမှ မောင်ရန်ဟုန်စိုးအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသည့် နန်းတော်ဦး FC အသင်းမှ မောင်ကောင်းနေနိုင်ထက် အားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသား ဆုချီးမြှင့် သည်။
ဆက်လက်၍တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဒုတိယဆုရရှိသည့် နန်းတော်ဦး FC အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ပထမဆုရရှိသည့် တလိုင်းတောင် FC အ သင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပထမဆုရရှိသည့် တလိုင်းတောင် FC အသင်းအား အား တံခွန်စိုက်ဆု ဖလားပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)