ချောက်မြို့နယ်၌ ရေဘေးရှောင်ပြည်သူ(၁၂၉)ဦးအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်

ချောက် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ရေဘေးရှောင်ပြည်သူ(၁၂၉)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၄၅၀၀၀)ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းတို့က သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ချောက်မြို့အမှတ် (၇)ရပ်ကွက်မှ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၂)ဦး၊ အမှတ်(၈) ရပ်ကွက်မှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၇)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၂၉)စု လူဦးရေ‌(၁၂၉)ဦးအတွက် လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဆန်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၆၄၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)