အုတ်တွင်း ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့မစျေးအတွင်းနှင့် စျေးပြင်ပတွင်ရောင်းချလျက်ရှိသော အလှကုန်ဆိုင်များ၊ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို တောင်ငူခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်ဇော်လတ်ဦးဆောင်သောအဖွဲ့ဖြင့်အလှကုန်ဆိုင်များ၊ဆေးဆိုင်များနှင့်ကုန်စုံဆိုင်များရှိပစ္စည်းများအားFDAထောက်ခံချက်ပါ/မပါ၊သတ်မှတ်စျေးနှုန်းနှင့်အညီရောင်းချမှုရှိ/မရှိ၊ကုန်အညွှန်းအမှတ်အသားပါ/မပါ၊ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ၊ရက်လွန် ပစ္စည်းနှင့်အစားအစာများရောင်းချမှုရှိ/မရှိ စသည့်အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးခိုင်က စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးနှင့် Surpriteအမှတ်တံဆိပ်ပါ အချိုရည်ကိုတရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ တင်သွင်းရောင်းချမှုရှိ/မရှိ၊ကျွဲပွဲတိုက်နယ်ဆေးရုံမှ သူနာပြုဆရာမဒေါ်အိသန္တာစိုးက စပ်ဆေး၊ကန့်သတ်ဆေး၊ရက်လွန်ဆေးများရောင်းချခြင်းမပြုရန်တာဝန်ရှိသူများက ပူးပေါင်း၍လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ငူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ကျွဲပွဲမြို့စည်ပင်သာယာရေးအဖွဲ့နှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကပူးပေါင်း၍ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခင်ခင်မာ