မြိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ပိုက်ကျော်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် နံနက်(၁၁)နာရီက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်  အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဗိုလ်လုပွဲကို မြိတ်ကလပ်အသင်းနှင့် တနင်္သာရီကလပ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် မြိတ်ကလပ်အသင်းက (၂)ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် တတိယ၊ ဒုတိယနှင့် ပထမရရှိသော အသင်းများအား လည်ဆွဲဆု၊ ငွေသားဆုများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမရရှိသော အသင်းအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ဇွန်လ(၁၂) ရက်မှ (၁၆)ရက် အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)